ကလေးလေးတွေကို ဘယ်အချိန်မှာ ဆားစကျွေးမလဲ
ဆား လို့ ပြောလိုက်ရင် မေမေတို့က အရသာကိုပါ တန်းပြီး ခံစားမိမှာပါ။ ဆားက အစားအစာတွေကို အရသာတိုးစေနိုင်ပေမယ့် ငန်ပါတယ်။ သင့်တင့်မျှတတဲ့ ပမာဏ တစ်ရပ်ကို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တယ်ဆိုပေမယ့် များလွန်းရင်တော့ သွေးတိုးတာ၊ ကျောက်ကပ် ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ နောက်တစ်ချက် ဆားဓာတ်ကို ဆားကို စားမှ ရတာ မဟုတ်ပါဘူး။ မိခင်နို့ အပါအဝင် အစားတွေထဲကနေလည်း ကလေးတွေ ရရှိပါတယ်။ ကလေးက အစားစစားတတ်ပြီဆိုတာနဲ့ ဆားပါတဲ့ အစားအစာတွေကို စကျွေးလို့ ရမှာလား? ကလေးကို ဆားကျွေးရင် ဘာတွေ သတိထားဖို့လိုမလဲ? ဆိုတာလေးတွေကို နည်းနည်း လောက် ပြောပြပေးချင်ပါတယ်။
ကလေးက အသက် ၆ လလောက်ရောက်လာပြီ အစားလည်း စားနိုင်ပြီဆိုရင် ထမင်းကို တိုက်ကျွေးတာ၊ အသီးအရွက်တွေကို နူးနေအောင်ပြုတ်ပြီး ကြိတ်ခြေ ကျွေးတာတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒီလိုကျွေးတဲ့ အခါ ကလေးကို မိခင်နို့၊ နို့မှုန့်တွေ ဆက်တိုက်နေဦးမှာ ဖြစ်တာကြောင့် ကလေးက လိုအပ်တဲ့ ဆားပမာဏကို ဒီအစားအစာတွေကနေ ရရှိနေမှာ ဖြစ်ပြီး ဆားရယ်လို့ သီးသန့် ထည့်သွင်းကျွေးမွေးတာမျိုး မလိုပါဘူး။
ဆားမထည့်ရဘူးဆိုလို့ ကလေးစားရတဲ့ အစားအစာတွေက ဘယ်အရသာရှိပါ့မလဲလို့ ပြောချင်နေပြီလား? ဒါဆိုရင်တော့ ပြောပြပေးချင်တာ တစ်ခုက ကလေးလေးတွေက မိခင်နို့နဲ့ နို့မှုန့်အရသာကိုပဲ တောက်လျောက် သိလာတာဖြစ်ပြီး အခြားအစားအစာတွေရဲ့ အရသာကို မသိတာကြောင့် အစားအစာတွေရဲ့ သဘာဝအရသာက သူ့အတွက် တော်တော်လေး အရသာရှိနေမှာ အသေအချာပါ။
ကလေးလေးတစ်ယောက် အသက် ၁ နှစ်ပြည့်လာပြီဆိုရင်တော့ အရွယ်လေးလည်း ရလာပြီဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဆားလိုအပ်ချက်ကလည်း မြင့်လာပါပြီ။ အသက် ၁ နှစ် ကလေးတစ်ယောက်ရဲ့ ဆားလိုအပ်ချက်က ၀.၈ ဂရမ် အထိ ရောက်လာပါပြီ။ မွေးစကနေ ၁ နှစ်အထိက ၀.၄ ဂရမ်ပဲ လိုအပ်ခဲ့ရာကနေ ထက်ဝက်လောက် မြင့်တက်လာခဲ့တာပါ။ ဒီလိုအပ်ချက်က ၃ နှစ်အထိ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးလေးတွေကို အသက် ၃ နှစ်အထိ ဆားအများကြီး ကျွေးဖို့ မလိုသေးပါဘူး။
ဆားမလိုသေးသလို အချိုမှုန့်၊ အသားမှုန့်၊ အသီးအရွက်တွေကနေ ထုတ်ထားတဲ့ ရွက်ချိုမှုန့်တွေလည်း မလိုသေးပါဘူး။ ဒါတွေမှာလည်း ဆားဓာတ်ပါဝင်နေတာကြောင့် ကလေးကို မလိုအပ်ဘဲ ဆားအများကြီး စားမိစေနိုင်တာကြောင့်ပါ။ ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာပါတဲ့ အသီးအရွက်တွေ၊ နို့မှုန့်စတာတွေကနေ လိုအပ်တဲ့ဆားဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်ပါတယ်။
ဒါကြောင့် ကလေးကို အသက် ၁ နှစ်ပြည့်ပြီဆိုရင် ဆားစကျွေးလို့ ရပြီဆိုပေမယ့် ဆားကို ပါတယ်ဆိုရုံလေးပဲ ထည့်ပေးရမှာပါ။ ဆားလိုအပ်ချက် ကျော်လွန်ပြီး ကျွေးမိတာမျိုး မဖြစ်စေဖို့ဆိုရင် ကလေးကို ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို မကျွေးဖို့လည်း လိုပါမယ်။ နောက်တစ်ချက်ကတော့ အပြင်စာတွေပါ။ အိမ်မှာ ချက်ပြုတ်ပြင်ဆင်ထားတာတွေကပဲ ကလေးရဲ့ အာဟာရလိုအပ်ချက်ကို အပိုအလိုမရှိ ဖြည့်ပေးနိုင်မှာပါ။
ကလေးလေးတွေရဲ့ အစောပိုင်းကာလတွေမှာ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေးတွေက ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ဆားတွေ အများကြီး ကျွေးမိတာက ကျောက်ကပ်ပျက်စီးတာ၊ အဝလွန်တာ၊ သွေးတိုး၊ သွေးတွင်းသကြားဓာတ် များတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆားတင် မဟုတ်ဘဲ အငန်ကဲတာတွေကိုပါ မကျွေးသေးဖို့ လိုပါမယ်။
ကလေးစားမယ့် အစားအစာတွေကို သီးသန့်ချက်ပြုတ်ပေးရပါမယ်။ လူကြီးတွေစားတဲ့ အစားအစာတွေကို နည်းနည်းပဲ ကျွေးတာဆိုပေမယ့်တောင် ကလေးလေးတွေရဲ့ ဆားလိုအပ်ချက်ထက်တော့ ပိုများနေနိုင်ပါသေးတယ်။ ဒါကြောင့် ကလေးလေးတွေကို အသက် ၅ နှစ် မရောက်မချင်း လူကြီးစာတွေ ကျွေးတာမျိုး မလုပ်ပါနဲ့ဦး။
# အချုပ်အားဖြင့် ပြောပြရရင် ကလေးလေးတွေကို အသက် ၁ နှစ် ပြည့်မှ ဆားစကျွေးပေးပါ။ ပမာဏအားဖြင့် တစ်နေ့တာကို 0.8 ဂရမ်ပါ။ ဒီပမာဏက အသက် ၃ နှစ်အထိ လုံးဝမတိုးရပါဘူး။
ကလေးလေးတွေရဲ့ အသက်အရွယ်အလိုက် ကျွေးသင့်တဲ့ ဆားပမာဏ
မွေးစကနေ ၁၂ လ (၁ နှစ်) အထိ ……………….. တစ်နေ့ကို ဆားပမာဏ ဝ.၄ ဂရမ်
၁ နှစ် ကနေ ၃ နှစ် အထိ ………………… တစ်နေ့ကို ဆားပမာဏ ဝ.၈ ဂရမ်
၄ နှစ် ကနေ ၆ နှစ်အထိ ………………….. တစ်နေ့ကို ဆားပမာဏ ၁.၂ ဂရမ်
၇ နှစ် ကနေ ၁၀ နှစ်အထိ …………………… တစ်နေ့ကို ဆားပမာဏ ၂ ဂရမ်
၁၁ နှစ်နဲ့အထက် ……………… တစ်နေ့ကို ဆားပမာဏ ၆ ဂရမ်ပါ။ ဒီလိုအပ်ချက်ကို ဆားကတင် ဖြည့်ပေးနိုင်တာ မဟုတ်ဘဲ နေ့စဉ် စားသုံးတဲ့ အသီးအနှံတွေကနေလည်း ရရှိနိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။
ရေးသားသူ - မွန်မွန်